Thursday, January 19, 2012

မင်းကိုနိုင်နဲ့ ရှစ်လေးလုံးမျိုးဆက်ကျောင်းသားတွေပြန်လာပြီ

နီလွင်သွေး (ဒဿနိက)
ဇန်န၀ါရီ ၁၉၊ ၂၀၁၂ (မိုးမခမှ ကူးယူဖော်ပြပါသည်)



ဒေါင်းအလံနှင့် သပြေခက်
မီးခတ်ငှက်လို ခွပ်ဒေါင်းတွေ
နွေဦးကို တဖန်သီကြွေးဖို့
ဒေါင်းသံကျူးရင့်မြိုင်ရန်
မင်းကိုနိုင်ပြန်လာပြီ။

ဒေါင်းအလံ ဒေါင်းအရိပ်အောက်မှာ
ဒေါင်းသံ ဒေါင်းစိတ်မပျောက်
ပြည်သူ့အတွက် သစ္စာဆောက်တည်လျှက်
လွတ်မြောက်ရေးအတွက် ခရီးဆက်မဲ့လမ်းမှာ
ခရောင်းလမ်းသို့ကြမ်းသည့်နှယ်
အနှစ်နှစ်ဆယ် အနှစ်နှစ်ရာ
အကျဉ်းမှာစံရပါစေ
အနစ်နာခံတိုက်ပွဲဝင်မယ်ဆိုတဲ့
ပြည်သူ့သားကောင်း ဒေါင်းစစ်သည်ရဲ့စကား
ပြည်သူ့နှလုံးကို သိမ်းကျုံးယူခဲ့။

နယ်ချဲ့ခေတ်
ဖက်ဆစ်သံဖနောင့်မှသည်
တပါတီအာဏာရှင်စနစ်
စစ်အာဏာရှင်လက်အောက်
ဒေါင်းအလံအောက်က အရေးတော်ပုံများ
ကျောင်းသားတွေ သွေးကြောင်မယ်ဆိုရင်
ကိုအောင်ဆန်းနဲ့ ကိုအောင်ကျော်
ကိုဘဆွေလေးနဲ့ ကိုသက်
ကိုဖုန်းမော်နဲ့ မ၀င်းမော်ဦးဆိုတဲ့ အမည်နာမ
ခင်ဗျားတို့ကြားရမှာတောင်မဟုတ်ဘူး။

ဟောသည်မှာ ကြည့်လိုက်ကြစမ်းဟေ့
ကျောင်းလမ်းမတွေထက်က
ဒေါင်းငှက်တွန်သံမိုးလုံးညံခဲ့
မိုးမြေမဆုံးတဲ့ ရှစ်လေးလုံးရာဇ၀င်ထဲက
ရှင်သန်ဖူးသစ် ပြည်သူချစ်သောမျိုးဆက်သစ်
ရှစ်လေးလုံးမျိုးဆက်ကျောင်းသားများ
ဘ၀တက္ကသိုလ်မှ ရာဇ၀င်နန်းဆီ
ပြည့်သူဌာနီ လွတ်မြောက်လမ်းကို
တဖန်ထိုးဆွတ် လွတ်ကြောင်းချီရန်
ဒေါင်းအလံ ဒေါင်းသံလွှမ်းတော့မည်။

ခွပ်ဒေါင်းတွေ
အမိတိုင်းပြည်အပေါ်မှာ သစ္စာမတည်ရင်
ကိုလိုနီခေတ်နဲ့ ဖက်ဆစ်သံခွာအောက်က
လွတ်မြောက်လာစရာအကြောင်းမရှိဘူးဟေ့။

ခွပ်ဒေါင်းတွေ
တိုင်းပြည်အပေါ်သစ္စာတည်လို့
ကိုအောင်ဆန်းဆိုတဲ့ အမည်နာမ
ကိုဗဟိန်းဆိုတဲ့ အမည်နာမ
ကိုလှရွှေဆိုတဲ့ အမည်နာမ
ကိုမင်းကိုနိုင်ဆိုတဲ့ အမည်နာမ
ကိုကျော်ကိုကိုဆိုတဲ့ အမည်နာမတွေကို
မြန်မာ့ရာဇ၀င်မှာ စာတင်နိုင်ခဲ့ရတာဖြစ်တယ်။

ဒေါင်းအိုးဝေသံ
ခွပ်ဒေါင်းအလံတွေ
မြန်မာပြည်အနှံ့ လွင့်ပျံ့ချီလျှက်
ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအတွက်
နွေဦးတေးကိုသီကြွေးဖို့
မင်းကိုနိုင်နဲ့ ရှစ်လေးလုံးမျိုးဆက်ကျောင်းသားတို့ပြန်လာပြီ။

(ကိုမင်းကိုနိုင်နဲ့ ရှစ်လေးလုံးမျိုးဆက်ကျောင်းသားများသို့ ဦးညွှတ်ဂုဏ်ပြုစွာဖြင့် ကြိုဆိုပါသည်။)