Sunday, January 31, 2010

ကျနော်တို့ရဲ့ အိမ်ပြန်ချိန်

ဟိုရှေ့က ကလေးတစ်ယောက် အနာဂါတ်တွေကျပျောက်
မျက်ရည် တစ်ပေါက် နှစ်ပေါက် ကျရင်း
သူဆိုတဲ့ ညည်းချင်းက အဖေနဲ့အမေက သူခေါ်လို့ရှိရင်
ကြားနိုင်ပေမယ့် ခေါ်ခွင့်မရှိတဲ့ နေရာမှာတဲ့
သူလျှောက်သွားနေတဲ့ လမ်းကျဉ်းလေးက
အန္တရာယ်တွေရှိရာ သူ့ကိုခေါ်ဆောင်သွားလေရဲ့။

ဘုရားတောင်ခြေရင်းမှာ အဖွားအိုတစ်ယောက်
တောင်ဝှေးထောက်သံ တဒေါက်တဒေါက်နဲ့
အတိတ်ကို နောက်ပြန်ရစ် ကြည့်ရင်း
သူချစ်တဲ့ သားသမီးတွေမှာ ဒုက္ခတွေ တထမ်းတပိုးနဲ့
ကျိုးပဲ့နေတဲ့ မြို့ပြလူနေမှုကြောင့်
သာဓုခေါ်သံတွေ အကြိမ်ကြိမ်ထိမှန်ခံထားရတဲ့
ပိန်ချိုင့်ချိုင့် ခွက်လေးတစ်လုံးကို ကိုင်စွဲရင်း
တဒင်္ဂ ငြိမ်းအေးခြင်းကို သူရှာဖွေနေလေရဲ့။

အဝေးမှာ ဟိုး....အဝေးကြီးမှာ ဒဏ်ရာတွေနဲ့ လူတချို့
လွတ်မြောက်မှု ဧရိယာ ကိုယ့်ဖာသာ ဖန်ဆင်း
အံကြိတ်ခြင်း တောက်ခေါက်ခြင်း ခါးထောက်ခြင်းတွေနဲ့
ထွီကနဲ တံတွေးတပျစ် စစ်အာဏာကိုရင်ဆိုင်
တနေ့နိုင်ရမယ်လို့ အိမ်မက်ကိုစားသုံးရင်း သူတို့ကြီးပြင်းကြလေရဲ့။
နေခြည်ဖြိုးတောက် လူသူမရောက်တဲ့
မိုးမခ တောတွေမှာ ဟမ်ဘာဂါအစား မျှစ်တူးစားလို့
ကိုကာကိုလာမလို ကက်ပ်ချိနီု မသောက်
ငှက်ပျောအူဖေါက် သူတို့သောက်လို့
ဖေါင်တိန်မကိုင် သေနတ်ကိုင်လို့
နုပျိုစိမ်းလန်း အနာဂါတ်ပန်းတွေ
အိမ်ပြန်မဲ့ရက် လက်ချိုးရေရင်း....တော်လှန်ရေးသီချင်းဆိုကြလေရဲ့။

နောက်တနေရာကတော့
လသာတဲ့ညတွေကို မော်ကြည့်လို့မရတဲ့
နံရံလေးဖက် ကြားမှာပေါ့
ခံယူချက်ရဲ့ အကျည်းသားတွေဟာ
အခဲမကျေ အငြိုးတွေကိုစားသုံးရင်း
ယုံကြည်ခြင်း နှလုံးသားတွေခမျာ
တဖြည်းဖြည်း မာကျောလာလေရဲ့။

အချိန်ရှိသရွေ့ လွမ်းနေရတဲ့ နေရာအသီးသီးမှာ
ငါတို့ ပြည်ထောင်စုသားတွေ ရှိနေတယ်
ငါတို့ကိုယ် ငါတို့တည်ဆောက်ရင်း
တချို့ ပြိုလဲကျတယ်
ယုံကြည်ချက်တွေ ဖျားနာကုန်တယ်
တချို့ကျတော့ သန်မာနေစဲ
အံတွေခဲလို့ လှေခွက်ချည်းကျန် အလံမလဲဘူး
အော်....အိမ်ပြန်ချိန်တွေ နီးဖို့ကြိုးစားရင်း
အိမ်နဲ့ ဝေးဝေးသွားတဲ့ ငရဲက ဘယ်တော့များမှ.......လွတ်မြောက်မလဲ။

မင်းရန်နိုင်

Tuesday, January 12, 2010

အလွမ်းပန်းချီ

အလွမ်း....

တိတ်တိတ်လေး....စိုးမိုးတယ်
ရင်ခုန်သံလေး....နွေးထွေးလို့ 
မျော်ကြည့် လိုက်တိုင်း....မြင်နေမိတယ်
အနမ်းတွေကြားက..နှုတ်ခမ်းတစ်စုံ
တိမ်တွေပေါ်မျောသွား
တိမ်တွေကြားမှာပဲ...မင်းပျောက်ကွယ်သွားတယ်
ဟာတာတာနဲ့ ...ငါအတွတ်ဘာလိုအပ်လဲ
ဆေးရောင်စုံတဲ့ အလှတွေကို...လိုက်မမှီတော့ ဘူး
ငါလည်း...အဲဒီပန်းချီကားကို
ဆက်မဆွဲပဲ.....ရပ်ထားလိုက်တယ်...
မင်းအလှပျက်သွားမှာ...စိုးလို့  ။ ။

အခုတလော အမူးပြေမြန်တယ်

၂၀၁၀ တောကြောင်တွေ
လက်ခမောင်းခတ်ဖို့ ပြင်ဆင်ချိန်
ကမ္ဘာကြီးက ခဏခဏ ပျက်တယ်
ကျနော်က ခံတွင်းပျက်တယ်။
နိုင်ငံရေးမှာ ဆေးခါးကြီး
မသောက်ရဲသူတွေက
ပြစရာအကြောင်းတွေ များလာတယ်။
ညီညွတ်ရေးစကား ပြောကြသူချင်း
တယောက်လိပ်ပြာ တယောက် မကြည်ညိုဘူး
သွေးစည်းညီညွတ်ရေး အလံတင်အခမ်းအနားမှာ
တယောက်နားရွက် တယောက်
တံတွေးဆွတ်ခဲ့ကြတယ်။
ဆန်တပြည် ငါးကျပ်တုန်းက
မဖြတ်ဖြစ်လိုက်တဲ့ ဦးခေါင်းတွေ
ခေါင်းပေါင်းစ တလူလူလွှင့်တယ်
စကားကြီးစကားကျယ်တွေ ပြောတယ်။
ကမ္ဘာဦး ဥပဒေသမှာ
သေနတ်တွေက လွှတ်တော်ခေါ်ခဲ့တယ်။
ဆင်းရဲကို ဒုက္ခနဲ့
အပေါင်ခံထားရတဲ့မြို့ကြီးမှာ မီးပျက်တုန်း
ဝန်ကြီးတွေက ပြည်တန်ဆာရုံတွေ ဖွင့်တယ်။
လောကပါလတရားကို စောင့်တဲ့ နတ်တွေ
ဖဲသွားရိုက်နေတုန်း
အနှစ်နှစ်ဆယ်မှာ ဆယ်လေးနှစ် အဖမ်းခံထားရတဲ့
ညီမလေးနေတဲ့ အိမ်လေးကို
အကိုလုပ်တဲ့သူက တရားစွဲပြီး ၀င်လုတယ်။
(မိဘမျက်နှာမှ မထောက်)
တောကျောင်း ဆရာမလေးရဲ့အိပ်မက်မှာ
ကလေးလေးတွေ ဘွဲ့ရ ပညာတတ်တယ်။
မျက်နှာချိုချိုနဲ့ ကဗျာဆိုခဲ့တယ်။
ကျနော်ခံတွင်းပျက်လို့ သောက်တဲ့ အရက်ဝိုင်းမှာ
ခေတ်ကြီးက ကျနော့်ကို ခံတွင်းပြန်ပျက်တယ်
အခုတလော အမူးပြေမြန်တယ်ဗျာ။
မိုးစဲနေ